Sunday, June 13, 2010

အခန်းငယ်လေး

ဒီနေ့ တနင်္ဂနွေနေတဲ့ မြန်လိုက်တာရက်တွေ အချိန်တွေက မနက်ဖြန်ဆို ရုံးတက်ရတော့မယ် မနက်စောစော မထချင်ထချင်နဲ့ ထပြီး အိပ်ချင်မူးတူးနဲ့ ရုံးကိုသွားရဦးမယ်။ တစ်ပါတ်မှာ ၂ရက်သာချမ်းသာတဲ့ holidays ရဲ့ နောက်ဆုံးညကို ချစ်သောအမတော်နဲ့ ကော်ဖီပါတီလေး ကျင်းပလိုက်သေးတယ်။ ကော်ဖီဆိုင်ကအပြန် အမြဲတမ်းပိတ်ထားမိတဲ့ ကိုယ့်အခန်းလေးကို ၀င်ဖြစ်တယ်။ ကိုယ်ပိုင်ဆိုင်တဲ့ ဒုတိယမြောက် အခန်းငယ်လေးကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုယ့်ကိုနွေးထွေးစွာ ကြိုဆိုလျှက်ပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် ပထမအခန်းငယ်လေးကို စွန့်ခွာပြီး ကိုယ့်အတွက် အသစ်ပြန်လည် တည်ဆောက်ထားတဲ့ ကိုယ်ပိုင်ဆိုင်တဲ့ ဒုတိယမြောက် အခန်းငယ်လေးက ကိုယ့်အတွက်တော့ ပျော်ရွှင်ချိန်တိုင်း၊ ၀မ်းနည်းချိန်တိုင်းမှာ နားခိုရာ အခန်းလေးတစ်ခန်းပါပဲ။ ၀မ်းနည်းချိန်တိုင်းမှာ အခန်းငယ်လေးထဲမှာပဲနေပြီး ကိုယ့်ဝမ်းနည်းခြင်းတွေကို ပြောပြမယ်။ ကိုယ်ပျော်ရွှင်ချိန်တိုင်းမှာလဲ ကိုယ့်အခန်းငယ်လေးမှာ ပျော်ရွှင်ခြင်းတွေကို ဝေမျှမယ်။ ဘာလိုလိုနဲ့ ကိုယ့်ရဲ့ ဒုတိယမြောက် အခန်းငယ်လေးကို ပြန်လည်တည်ဆောက်ထားတာ ၂နှစ်တောင်ကျော်လာခဲ့ပြီ။

ခွင့်လွှတ်ပါ အခန်းလေးရယ် ကိုယ်အမြဲတမ်းလိုလို တံခါးမဖွင့်မိပဲ အခန်းအပြင်ကနေပဲ ရပ်ကြည့်ပြီး ပြန်လာခဲ့ပေါင်းများပြီ။ ကိုယ့်ရဲ့အိမ်နီးနားချင်း
ကိုယ့်သူငယ်ချင်း အခန်းလေးတွေမှာရော အချိန်မှန်မှန် ကိုယ်မရောက်ဖြစ်ပေမယ့် ကိုယ့်သူငယ်ချင်းတွေက ပုံမှန်လည်ပတ်နေကြ၊ ပုံမှန်ချီတက်နေကြတာပဲ။ ကိုယ့်အခန်းရဲ့ စာတိုက်ပုံးလေးမှာရော ဘယ်သူတွေများစာထည့်သွားသလဲ။ ကိုယ့်အခန်းငယ်လေးထဲကို မ၀င်ဖြစ်ပေမယ့် စာတိုက်ပုံးလေးကိုတော့ အမြဲတမ်းဖွင့်ကြည့်မိတယ်။ ဒီနေ့ ကိုယ့်အခန်းလေးကို ရောက်တော့ ကြော်ငြာစာလေးတစ်ခုကပ်လို့။ ဒါနဲ့ပဲ ကိုယ့်အခန်းလေးကိုဝင် ကြော်ငြာထားတဲ့အတိုင်း ကိုယ့်အခန်းလေးကို ပြင်ဆင်ကြည့်မိတယ်။ ကိုယ့်အခန်းရဲ့ ဆေးရောင်လေးတွေကို အသစ်ပြန်သုတ်လို့ အခန်းအထားအသိုလေးတွေ ပြန်ပြောင်းလို့ ပြင်ဆင်ကြည့်မိတယ်။ ကိုယ့်အခန်းလေး ပိုလှသွားသလား မလှသလားတော့ မသိဘူး ကိုယ့်အတွက်တော့ အခန်းလေးကို ပြန်လည်မွမ်းမံရလို့ ပျော်ရွှင်စွာနဲ့ မနက်ဖြန်ဆိုတဲ့ အချိန်တွေကိုတောင်မေ့လို့။ ဘာလိုလိုနဲ့ တနင်္ဂနွေ့ကို ကျော်ဖြတ်လို့ တနလာင်္နေ့ကိုတောင်ရောက်နေပြီပဲ။ ပစ်ထားတာကြာသွားတဲ့ ကိုယ့်အခန်းလေးကို ပြင်ဆင်မွန်းမံလို့ပြီးပြီ။ အချိန်နောက်ကျသွားလို့ သူငယ်ချင်းတွေရဲ့ အခန်းကိုတောင် ၀င်ပြီးမလည်ဖြစ်တော့ဘူး။ နောက်နေ့မှပဲ လာလည်တော့မယ်နော်။ အခုတော့ မနက်စောစောထရမှာမို့ အိပ်ချိန်တန်ပြီထင်ပါရဲ့။ ကဲ အခန်းတံခါးလေးပိတ်လို့ ပုံမှန်လည်ပတ်နေကြ weekdays တွေကိုကျော်ဖြတ်လိုက်ဦးမယ်။


ခင်မင်စွာဖြင့်......

ဖြူ