ဒီနေ့ကတော့ ဘလော့ပိုင်ရှင်ရဲ့မွေးနေ့ပါ... ( ဟိ .. မသိမှားစိုးလို့ ကိုယ့်ဘာသာကိုယ်ပြန်ကြော်ငြာတာ ) ကိုယ့်မွေးနေ့ဆိုတော့လဲ မှတ်မှတ်ရရရှိအောင်ဆိုပြီး ပို့စ်တင်မယ်ဆိုပြိး အားခဲသော်ငြားလဲ ရွှေဥာဏ်တော်က မထွက်လာပါဘူး.. မွေးနေ့အမှီဘာကဗျာမှလဲမရေးဖြစ်ပါဘူး.. ဖြူ မရေးဖြစ်ပေမယ့် .. အချစ်ဆုံးသူငယ်ချင်း လေးညှို့ရှင်ကတော့ ဖြူ့အတွက်မွေးနေ့လက်ဆောင် ကဗျာလေးပို့ပေးပါတယ်.. သူငယ်ချင်းရေးပေးတဲ့ ကဗျာနဲ့ သူငယ်ချင်းလုပ်ပေးတဲ့ပုံနဲ့ မူရင်းအတိုင်း ပြန်လည်ဖောက်သည်ချပြီးတော့ မွေးနေ့အမှတ်တရပို့စ်တင်လိုက်ပါတယ်....
အမှတ်တရလက်ဆောင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ချစ်သူငယ်ချင်းရေ...... မွ...စ်
ဖြူ ...
အရောင်မဲ့စိတ်ခံစားချက် အပိုင်းအစလေးများ
Thursday, August 26, 2010
Wednesday, August 25, 2010
For my lovely ....
တနေ့က ဂျီတော့မှာ ချစ်သောအနော်နဲ့ဆုံတော့ အနော်ကပြောတယ် အပျင်းလေး စာလဲမရေးဘူးတဲ့။ အဲ့တော့ ဖြူကလဲအားကြမခံ ပြန်ပြောလိုက်ပါတယ် မရေးတတ်ဘူးလို့.. တကယ်ရေးရင်လဲ ပေါက်ကရတွေပဲထွက်လာမှာလေ ကိုယ့်အကြောင်းကိုယ်သိလို့ရေးဖြစ်ဘူး။ စာမရေးတော့ တခြားကိုယ်တင်နေကြ ပေါက်ကရလေးတွေ မှန်မှန်တင်ဖြစ်လားဆိုတော့လဲ ဟဲဟဲ တင်ဖြစ်ပြန်ဘူး။ ဟုတ်တယ် ဘလော့စလုပ်မိတဲ့အချိန်ကစလို့ အခုချိန်ထိ ဟုတ်တိပတ်တိစာမရေးဖူးဘူး၊ ပို့စ်ကိုလဲမှန်မှန်မတင်ဖြစ်ဘူး။ တခြားဘလော့ဂါတွေလို ဗဟုသုတရမယ့် ဘလော့တစ်ခုလဲမဟုတ်ခဲ့ပြန်ဘူး။ ကိုယ့်ကိုကိုယ်တော့အားငယ်သား ဒါပေမယ့် ဒီနေ့တော့ အမှတ်တရနေ့တစ်နေ့မို့ အားတင်းရေးကြည့်ဦးမှပါ ဆိုပြီး ကြိုးစားရေးကြည့်မယ်နော်။
ဘယ်ကစရေးရမလဲဆိုတော့ ဖြူ စကာင်္ပူကို စရောက်ခါစ အချိန်ကစရေးမယ်။ ဖြူ ရောက်ရောက်ချင်း နေတဲ့အိမ်က တော်တော်ကျယ်ပါတယ်။ တအိမ်လုံး သူငယ်ချင်းတွေပဲစုနေတော့ ပျော်စရာလဲကောင်းပါတယ်။ အခန်း၃ခန်းရှိတဲ့ အိမ်မှာ နဲနဲပိုကျယ်တဲ့ common room မှာ သူငယ်ချင်း၅ယောက် မွေ့ယာတွေခင်းပြီး ပူးကပ်အိပ်ခဲ့ကြတယ်။ စစရောက်ချင်းမှာ ၄ယောက်ပေမယ့် ဖြူနဲ့တပါတ်ခြားပြီး လူကောင်ထွားထွားသေးသေး၊ အရပ်ကပုပုရှည်ရှည်၊ အသားကအဖြူblack ကာလာနဲ့ အမတစ်ယောက် ရောက်လာတယ်လေ။ ထူးဆန်းတာတစ်ခုက မွေးနေ့၊လနဲ့ခုနှစ်ကို သေချာတွက်ရင် အမက ဖြူ့ထက် တစ်နှစ်တိတိကြီးပါတယ်။ မွေးလတူ၊ Zodiac sign "virgo" လဲတူတော့ စရိုက်ကလဲ တချို့တ၀က်နဲ့ အကုန်နီးပါးတူပါတယ်။ မတည့်အတူနေပါ။ တခါမှရန်မဖြစ်ဖူးပါဘူး။ ဖြူကခဏခဏတော့ စိတ်ကောက်ပါတယ်။ အမက ခဏခဏချော့ရပါတယ်။ ဖြူအမှားလုပ်မိရင်လဲ အမစိတ်မပြေမချင်း ကပ်ပြီးချွဲတတ်ပါတယ်။ အဲ့လိုအချိန်ဆို ချစ်သောအမက အမြဲပြောတတ်ပါတယ်.. လူလည်မ၊ ကြမ်းပိုးမတဲ့ အခုနောက်ပိုင်း စကားလုံးတစ်လုံးထပ်တိုးလာပါတယ် ဘာတဲ့ ပန်ကာမတဲ့။ အိမ်နဲ့ဝေး၊ မိသားစုနဲ့ဝေးပေမယ့် မိသားစုနွေးထွေးမှု အပြည့်ပေးတဲ့ အမကို အမြဲကျေးဇူးတင်ပါတယ်။ ဖြူစိတ်ညစ်တိုင်း၊ ၀မ်းနည်းတိုင်း တိုင်ပင်စရာ၊ ရင်ဖွင့်စရာ ဖြူ့ရဲ့အမအရင်းတစ်ယောက်လိုပါပဲ။ ကျောင်းပြီးလို့ အိမ်တော်ပြန်သွားတဲ့ သူငယ်ချင်းတွေနဲ့၊ အလုပ်နဲ့နီးတဲ့ နေရာကိုပြောင်းတဲ့ သူငယ်ချင်းတွေနဲ့ဆိုတော့ အခု အမနဲ့ဖြူနဲ့ နှစ်ယောက်ပဲကျန်ခဲ့တော့တယ်။ စကာင်္ပူကိုရောက်ပြီး မကောက်ပဲရခဲ့တဲ့ အဲ့လိုချစ်စရာကောင်းတဲ့ အမရဲ့ မွေးနေ့ကဒီနေ့ပါ။ ချစ်သောအမတစ်ယောက် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ။ လိုအပ်သော ဆန္ဒများ၊ လိုချင်တောင့်တသော အရာများ၊ ဖြစ်ချင်သည့်အကြောင်းအရာများ အားလုံးလဲ တောင့်တလိုက်တိုင်းမှာ ချက်ချင်းလက်ငင်းပြည့်ဝပါစေ။ ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ..... ချစ်မ ... မွ...စ်
Saturday, August 14, 2010
Dream ...
တိတ်တိတ်လေးပါပဲ..
အရိပ်မဲ့တိမ်တွေကြားမှာ
ခပ်ပါးပါးလေးလွင့်မျောလိုက်တယ်...
ရိုးရိုးလေးပါပဲ....
လေနှင်ရာအတိုင်းရွက်ကုန်ကိုဖွင့်
ခပ်စပ်စပ်လေး ခရီးနှင်ကြည့်လိုက်တယ်...
ဖြည်းဖြည်းလေးပါပဲ...
အရာအားလုံးကိုကျောခိုင်းလို့
ငါ့မျှော်လင့်ခြင်းတွေကို မေ့ပြစ်လိုက်တယ်...
ခဏလေးပါပဲ...
အေးချမ်းတဲ့ လေပြေလေညှင်းလေးနဲ့
ကြည်ကြည်နူးနူး ငါပျော်မြူးမိတယ်...
တိုးတိုးလေးပါပဲ...
ချစ်ခင်နူးညံ့မှုအပြည့်နဲ့
အသံလေးတစ်ခုငါကြားလိုက်တယ်...
ရေးရေးလေးပါပဲ...
ကြင်နာခြင်းအပြည့်နဲ့
နွေးထွေးတဲ့ လက်အစုံကကမ်းလင့်နေတယ်...
ပြုံးပြုံးလေးပါပဲ...
ရည်ရွယ်ရာကိုလျှောက်လှမ်းဖို့
အဖြေတစ်ခုကအသင့်ရှိနေတယ်...

*** ဖြူ ***
Saturday, July 3, 2010
Sunday, June 13, 2010
အခန်းငယ်လေး
ဒီနေ့ တနင်္ဂနွေနေတဲ့ မြန်လိုက်တာရက်တွေ အချိန်တွေက မနက်ဖြန်ဆို ရုံးတက်ရတော့မယ် မနက်စောစော မထချင်ထချင်နဲ့ ထပြီး အိပ်ချင်မူးတူးနဲ့ ရုံးကိုသွားရဦးမယ်။ တစ်ပါတ်မှာ ၂ရက်သာချမ်းသာတဲ့ holidays ရဲ့ နောက်ဆုံးညကို ချစ်သောအမတော်နဲ့ ကော်ဖီပါတီလေး ကျင်းပလိုက်သေးတယ်။ ကော်ဖီဆိုင်ကအပြန် အမြဲတမ်းပိတ်ထားမိတဲ့ ကိုယ့်အခန်းလေးကို ၀င်ဖြစ်တယ်။ ကိုယ်ပိုင်ဆိုင်တဲ့ ဒုတိယမြောက် အခန်းငယ်လေးကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုယ့်ကိုနွေးထွေးစွာ ကြိုဆိုလျှက်ပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် ပထမအခန်းငယ်လေးကို စွန့်ခွာပြီး ကိုယ့်အတွက် အသစ်ပြန်လည် တည်ဆောက်ထားတဲ့ ကိုယ်ပိုင်ဆိုင်တဲ့ ဒုတိယမြောက် အခန်းငယ်လေးက ကိုယ့်အတွက်တော့ ပျော်ရွှင်ချိန်တိုင်း၊ ၀မ်းနည်းချိန်တိုင်းမှာ နားခိုရာ အခန်းလေးတစ်ခန်းပါပဲ။ ၀မ်းနည်းချိန်တိုင်းမှာ အခန်းငယ်လေးထဲမှာပဲနေပြီး ကိုယ့်ဝမ်းနည်းခြင်းတွေကို ပြောပြမယ်။ ကိုယ်ပျော်ရွှင်ချိန်တိုင်းမှာလဲ ကိုယ့်အခန်းငယ်လေးမှာ ပျော်ရွှင်ခြင်းတွေကို ဝေမျှမယ်။ ဘာလိုလိုနဲ့ ကိုယ့်ရဲ့ ဒုတိယမြောက် အခန်းငယ်လေးကို ပြန်လည်တည်ဆောက်ထားတာ ၂နှစ်တောင်ကျော်လာခဲ့ပြီ။
ခွင့်လွှတ်ပါ အခန်းလေးရယ် ကိုယ်အမြဲတမ်းလိုလို တံခါးမဖွင့်မိပဲ အခန်းအပြင်ကနေပဲ ရပ်ကြည့်ပြီး ပြန်လာခဲ့ပေါင်းများပြီ။ ကိုယ့်ရဲ့အိမ်နီးနားချင်း ကိုယ့်သူငယ်ချင်း အခန်းလေးတွေမှာရော အချိန်မှန်မှန် ကိုယ်မရောက်ဖြစ်ပေမယ့် ကိုယ့်သူငယ်ချင်းတွေက ပုံမှန်လည်ပတ်နေကြ၊ ပုံမှန်ချီတက်နေကြတာပဲ။ ကိုယ့်အခန်းရဲ့ စာတိုက်ပုံးလေးမှာရော ဘယ်သူတွေများစာထည့်သွားသလဲ။ ကိုယ့်အခန်းငယ်လေးထဲကို မ၀င်ဖြစ်ပေမယ့် စာတိုက်ပုံးလေးကိုတော့ အမြဲတမ်းဖွင့်ကြည့်မိတယ်။ ဒီနေ့ ကိုယ့်အခန်းလေးကို ရောက်တော့ ကြော်ငြာစာလေးတစ်ခုကပ်လို့။ ဒါနဲ့ပဲ ကိုယ့်အခန်းလေးကိုဝင် ကြော်ငြာထားတဲ့အတိုင်း ကိုယ့်အခန်းလေးကို ပြင်ဆင်ကြည့်မိတယ်။ ကိုယ့်အခန်းရဲ့ ဆေးရောင်လေးတွေကို အသစ်ပြန်သုတ်လို့ အခန်းအထားအသိုလေးတွေ ပြန်ပြောင်းလို့ ပြင်ဆင်ကြည့်မိတယ်။ ကိုယ့်အခန်းလေး ပိုလှသွားသလား မလှသလားတော့ မသိဘူး ကိုယ့်အတွက်တော့ အခန်းလေးကို ပြန်လည်မွမ်းမံရလို့ ပျော်ရွှင်စွာနဲ့ မနက်ဖြန်ဆိုတဲ့ အချိန်တွေကိုတောင်မေ့လို့။ ဘာလိုလိုနဲ့ တနင်္ဂနွေ့ကို ကျော်ဖြတ်လို့ တနလာင်္နေ့ကိုတောင်ရောက်နေပြီပဲ။ ပစ်ထားတာကြာသွားတဲ့ ကိုယ့်အခန်းလေးကို ပြင်ဆင်မွန်းမံလို့ပြီးပြီ။ အချိန်နောက်ကျသွားလို့ သူငယ်ချင်းတွေရဲ့ အခန်းကိုတောင် ၀င်ပြီးမလည်ဖြစ်တော့ဘူး။ နောက်နေ့မှပဲ လာလည်တော့မယ်နော်။ အခုတော့ မနက်စောစောထရမှာမို့ အိပ်ချိန်တန်ပြီထင်ပါရဲ့။ ကဲ အခန်းတံခါးလေးပိတ်လို့ ပုံမှန်လည်ပတ်နေကြ weekdays တွေကိုကျော်ဖြတ်လိုက်ဦးမယ်။
ခင်မင်စွာဖြင့်......
ဖြူ

Saturday, May 22, 2010
Lost
အနာဂတ်ကိုရွေးချယ်ဖို့...
ငါ့မှာဦးနှောက်တစ်ခုရှိနေသေးတယ်။
အမှားတွေကိုမြင်နိုင်ဖို့...
ငါ့မှာမျက်ဝန်းတစ်စုံရှိနေသေးတယ်။
ရည်မှန်းချက်တွေကို ဖြည့်ဆည်းဖို့...
ငါ့မှာလက်တစ်စုံရှိနေသေးတယ်။
ယုံကြည်ရာတွေကို လျှောက်လှမ်းဖို့...
ငါ့မှာခြေထောက်တစ်စုံရှိနေသေးတယ်။
ဒါပေမယ့်.....
မျှော်လင့်ခြင်းတွေနဲ့ရှေ့ဆက်ဖို့...
ငါ့မှာနှလုံးသားတစ်စုံပျောက်ဆုံးသွားခဲ့တယ်။
(ဘ၀မှာ လူတစ်ယောက်က တချိန်ချိန်မှာ တစ်ခုခုကိုတော့ ပျောက်ဆုံးခဲ့မှာပါပဲ။ ပျောက်ဆုံးခဲ့တဲ့ အရာတွေအတွက် နာကျင်မှုဆိုတာမရှိခဲ့ရင်...... ဘာရယ်မဟုတ် တွေးမိတာလေးတွေကို စာစီမိတာပါ။)

Saturday, April 17, 2010
နှစ်ဆန်းတစ်ရက်နေ့
နှစ်ဆန်းတစ်ရက်နေ့မှာ ဥပုသ်သီလယူဖို့အတွက် ၈ပါးသီလ အသံဖိုင်ရော၊ ဗွီဒီယိုဖိုင်ရော ဘယ်မှာမှရှာမရဘူး မနှစ်ကတော့ Burmese classic က တင်ပေးတယ်။ ဒီနှစ်တော့ဘယ်လိုမှရှာမတွေ့ဘူး။ အဲ့တော့ ၈ပါးသီလကို စာအုပ်ကြည့်ပြီး ကိုယ့်ဘာသာကိုယ်ပဲ သီလယူလိုက်ရတော့တယ်။ ဒီတစ်ခါရန်ကုန်ပြန်ရင်တော့ သတိတရနဲ့ရှာပြီးယူလာခဲ့မှပါ။ နှစ်ဆန်းတစ်ရက်နေ့မှာ မုန့်လုံးရေပေါ်နဲ့ အုန်းနို့ကျောက်ကျော ဒါနပြုတယ်နော်။ မုန့်လုံးရေပေါ် ကျွေးနော်ဆိုတဲ့ ချစ်တဲ့အနော်ကပြောလို့။
နှစ်သစ်မင်္ဂလာမှသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။
Subscribe to:
Posts (Atom)