Sunday, May 31, 2009

စနစ်ကျသောဘုရားရှိခိုးခြင်း

ဗုဒ္ဓဘာသာမြန်မာလူမျိုးတစ်ယောက်အနေနဲ့ မြတ်စွာဘုရားရှင်ကို ရှိခိုးကန်တော့ပါတယ်။ ရှိခိုးကန်တော့ခြင်းရဲ့ အနက်အဓိပ္ပါယ်ကိုတော့မသိခဲ့ပါဘူး.. သန့်-တည်-ပွား အဖွဲ့ဝင် တရားဟော၊ တရားပြ ဦးခင်မောင်ကြည် နှင့် အန်တီစန်း တို့ ဟောပြောဆွေးနွေးမှသာ အနက်အဓိပ္ပါယ်ကိုသိခဲ့တာပါ။ မသိသေးသူများကို ပြန်လည်ဝေမျှပါတယ်။ ကိုယ့်ထက်ပိုပြီး သိသူများကလဲ ၀င်ရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

ရှိ = မြတ်စွာဘုရားရှင်၏ အ ရှိ တရား/အမှန်တရား/မြင့်မြတ်သောတရားများ
ခိုး = အ တု ခိုး ခြင်း ( အဆုံးအမများကိုလိုက်နာကျင့်သုံးခြင်း )
ကန် = မိမိနှလုံးသားမှ ယုံကြည်မှု၊ သဒ္ဓါကို ထင်ရှားပေါ်လွင်အောင် ကန် တော့ခြင်း
တော့ = မိမိသဏ္ဍာန်မှ မကွာရလေအောင် ကပ်၍ဆောင်ထားခြင်း။
( ဥပမာ- ခြင်းခပ်သမားများသည် ခြင်းလုံးကို တော့ ၍ကိုယ်နှင့်မကွာအောင်လုပ်ဆောင်သကဲ့သို့ )

အနက်အဓိပ္ပါယ်သိပြီဆိုရင်တော့ စနစ်တကျ ထိခြင်းငါးပါးနဲ့ ဘုးရားကန်တော့ကြရအောင်.. ဗုဒ္ဓဘာသာတိုင်းကန်တော့ကြပါတယ် ပုံစံအမျိုးမျိုးနဲ့ အဆင်ပြေသလို ကန်တော့ကြပါတယ် ဒီပုံစံဒီလိုနည်းနှင့်မှ ကန်တော့ရမယ်လို့ မဆိုလိုပါဘူး ကိုယ်ကိုတိုင်လဲ အန်တီစန်းတို့သင်ပြပြောဆိုမှသာ သြော် ဒီလိုပါလားဆိုတာသိတာပါ။ ဒီလိုရှိခိုးရင်ဒီလိုပုံစံ ဖြစ်သွားတာပါလားဆိုတာသိတာပါ။ ကဲ သူငယ်ချင်းတို့လဲ လက်တွေ့စမ်းသပ်ကြည့်ပေါ့နော်။
ထိခြင်းငါးပါးကန်တော့ခြင်းဆိုတာက
မြေကြီး၊ ကြမ်းပြင်ပေါ်၌.....
(၁) ခြေ၊ (၂) လက်၊ (၃) နဖူး (၄) တတောင်၊ (၅) ဒူး ၊ ငါးမျိုးစလုံးထိစေရပါမည်။

၁။ ခြေ..... ပုဆစ်တုပ် ( ဒူးနှစ်ဖက်ကို အခင်းပြင်နှင့်ထိလျက်ထိုင်ပါ။ ခြေဖ၀ါးမထောက်ရပါဘူး။ခြေဖ၀ါးကိုခေါက်ထားပါ။တင်ပါးကခြေဖနောင့်ပေါ်တွင် တင်ထားပြီး ခြေဖမိုးနှစ်ဖက်သည် ကြမ်းပြင်နှင့် ထိထားနိုင်ပါက ပိုကောင်းပါသည်။ )

၂။ ခါး..... မတောင့်လွန်း၊ မကုန်းလွန်း ( အကြောကိုလျော့၍ စိတ်ကိုလဲလျော့ထားပါ) ကိုယ်ခန္ဓာကို နောက်သို့လဲ မလန်၊ ရှေ့သို့လည်းမကုန်းပဲအနေအထားဖြစ်နေပါစေ (နူးညံ့ပျော့ပြောင်းပါစေ)

၃။ လက်အုပ်..... လက်ကိုကြားဖူးပုံစံဖြစ်ရန်ပြင်ပါ။ လက်ချောင်းများကို အချင်းချင်းယှက်၍မထားရပါဘူး။ပြားပြားကားကားကြီးလဲမဖြစ်စေရပါဘူး။ လုံးလုံးဝိုင်းဝိုင်းဘောလုံးပုံစံမဖြစ်စေရပါဘူး။ ဘုရားရှင်ကိုကြာပန်းနှင့်ပူဇော်နေသော ပုံစံမျိုးပါ။ ( မကန်တော့ခင် လက်အုပ်၏ လက်ညှိုးထိပ်တို့သည် နှုတ်ခမ်းအနီး၌ ထားရမည်။)

၎။ တံတောင်ဆစ်..... တံတောင်ဆစ်နှစ်ဖက်သည် ကပ်၍လည်းကောင်း (သို့) ငှက်တောင်ပံပျံသကဲ့သို့ ကားကားကြီးပုံစံမဖြစ်စေရပါဘူး။ တံတောင်ဆစ်နှစ်ဖက်ကို စု၍ ကိုယ်နှင့်လည်းထိကပ်မထားရ။ လွန်စွာခွာ၍လည်း မထားဘဲ ခန္ဓာကိုယ်မှ အနေတော်ခွာ၍ အရှေ့ဘက်မှကြည့်လျှင် လက်အုပ်နှင့်တံတောင် နှစ်ဖက်တို့သည် စေတီပုံသဏ္ဍာန်ဖြစ်အောင်ပြင်ဆင်ပါ။

၅။ ဦးခေါင်း..... ရှေ့သို့အနည်းငယ်ငုံ့၍ ကြည်ညိုဖွယ်ရာမျက်နှာအနေအထားရှိရပါမယ် .( အရမ်းလဲမငုံ့ရပါဘူး ဦးခေါင်းကိုအပေါ်သို့လဲမမော့ရပါဘူး .. ၈၀ဒီဂရီခန့်ငုံ့ထားရပါမယ် )

၆။ ဦးချခြင်း... မူလလက်အုပ်ကို နှုတ်ခမ်းအနီးထားရာမှ အပေါ်သို့ မ တင်လိုက်ပါ။ ထိုအခါ လက်မ နှစ်ခုတို့သည် မျက်ခုံးမွေးနှစ်ခုကြားတွင် ထိထားပါ။ လက်ညှိုးတို့သည် နဖူးရှိဆံပင်ရင်းနှင့် ထိနေရပါမည်။ ထိုသို့ဖြစ်နေရာမှ ဦးချသောအခါ မနှေးလွန်း၊ မမြန်လွန်းသော အရှိန်ဖြင့် ကြမ်းခင်းပေါ်သို့ လက်ဖ၀ါးနှစ်ဖက်ကို ဒူးခေါင်းနှစ်ခုရှေ့တွင်ချလိုက်ပါ ( ခန္ဓာကိုယ်မပါ)

ထို့နောက် မိမိလက်အတို အရှည် အပေါ်မူတည်၍ မူလကြမ်းပေါ်ချထားသော လက်ဖ၀ါးနှစ်ဖက်ကို အရှေ့သို့ ၄ လက်မ မှ ၆ လက်မခန့်တိုးပြီးလျှင် တံတောင်ဆစ်နှစ်ဖက်တို့သည် ကြမ်းခင်းနှင့် တပြေးညီဖြစ်အောင် ခန္ဓာကိုယ်ကိုဝပ်ချလိုက်ပါ။ လက်ဖ၀ါးနှစ်ဖက်ကို အနည်းငယ်ချဲထားပြီး ထိုချဲထားသော နေရာကြားသို့ နှဖူးကို ကြမ်းခင်းနှင့်ထိအောင် ဦးချလိုက်ပါ။ ( လက်ချောင်းမျာိးကု ကားမထားပါနှင့်)

ထိုအချိန်တွင် ခြေ၊ လက်၊ နှဖူး၊ တံတောင်၊ ဒူး ဟူသော ၅ နေရာတို့သည် ကြမ်းခင်းနှင့် တပြေးညီဖြစ်၍ ထိခြင်းငါးပါးနှင့်ကန်တော့ခြင်းဖြစ်နေပါလိမ့်မည်။

၇။ ဦးချပြီး ပြန်လည်၍ လက်နှစ်ဖက်ကို ဆွဲယူသည့်အခါတွင် လက်ဖ၀ါးနှစ်ဖက်ကို ကြမ်းခင်းပေါ်မှထိလျှက် ဆွဲယူလာပြီး၊ ဒူးနှစ်ဖက်ပေါ်မှ တဆင့်ပေါင်ကိုထိလျှက် မူလနေရာဖြစ်သော နှတ်ခမ်းအနီး၌ လက်အုပ်၏လက်ညှိုးကို ပြန်ထားရပါမည်။

အခုရေးထားတာကို နားမလည်ရင် သန့်-တည်-ပွား မှ တရားဟော၊ တရားပြ ဆရာဦးခင်မောင်ကြည် နှင့် ဆရာမဒေါ်စန်းစန်းလှ တို့နှင့် ဆက်သွယ်နိုင်ပါတယ် (+65 66895279 )။ နောက်တခုပြောချင်တာကတော့ တပါတ်တခါ စနေတစ်ရက် ဆရာ/ဆရာမတို့အိမ်မှာ တရားပြ တရားထိုင်ခြင်းရှိပါတယ်။ စိတ်ဝင်စားရင် နောက်တစ်ပါတ်ဖိတ်စာတင်ပေးပါမယ်။

***** အမှားပြင်ဆင်ပေးသော ကိုသားချို ကို ကျေးဇူးတင်ပါတယ် *****

1 comment:

libratun said...

အရမ်းကောင်းပါတယ်။ အစ်မရေ၊ ဂုဏ်တော်ကြီးမြတ်လှသော အတုမရှိ မြတ်စွာဘုရားကို လက်ချ၊ ဒူးချ၊ တံတောင်ချ၊ နဖူးချကာ ရှိခိုးပါ၏။ ဒါက မဟာစည် ဆရာတော်ဘုရားကြီးရဲ့ နည်းလမ်း။